ဂီတဆိုတာ ကမ္ဘာ့ဆွဲအားလိုပါဘဲ။ ကျွန်မတို့နဲ့အရမ်းနီးကပ်နေပေမယ့် အဲ့တာဘာလဲဆိုတာနားလည်အောင်ရှင်းပြဖို့ ခက်ခဲတယ်။ ရာစုနှစ်ပေါင်းများစွာ ဂီတပညာရှင်တွေ၊ ဂီတရေးစပ်သူတွေက ဂီတရဲ့အဓိပ္ပာယ်ကို အမျိုးမျိုးဖွဲ့ဆိုခဲ့ကြတယ်။ ဒီ article မှာ music ရဲ့ အဓိပ္ပာယ်တစ်ချို့ကို လေ့လာကြည့်ကြရအောင်။
တစ်ချို့က music ကို အသံ၊ လေရဲ့တုန်ခါမှုလို့ ပြောကြပါတယ်။ ဒါပေမယ့် အဲ့တာမတိကျပါဘူး။ ဥပမာ ထိုင်ခုံကို “သစ်သားတုံးကြီး” လို့ပြောရင်နားထောင်သူရဲ့စိတ်ထဲမှာ ထိုင်ခုံလို့ထင်မှာ မဟုတ်ဘူး။ ဘာလို့လဲ? သစ်သားနဲ့လုပ်တဲ့တခြားပစ္စည်းတွေလည်း ရှိတဲ့အတွက်ပါ။ အဲ့လိုပဲ ကျောက်တုံး ၂တုံးကို ပွတ်တိုက်တဲ့အခါ လေရဲ့တုန်ခါမှုနဲ့ အသံထွက်ပေါ်လာပါလိမ့်မယ်။ ဒါပေမယ့် အဲ့အသံက ဂီတမဟုတ်ပါဘူး။
ဂီတကို pitch (အသံကြိမ်နှုန်း) နဲ့ rhythm (အသံကြာချိန်) တို့ ပေါင်းထားတဲ့ အရာလို့ပြောရင်လည်း မတိကျသေးပါဘူး။ ထိုင်ခုံကို “ခြေလေးချောင်းပါတဲ့ သစ်သား” လို့ပြောရုံနဲ့ ထိုင်ခုံရဲ့ အဓိပ္ပာယ်က မပြည့်စုံသွားပါဘူး။ အဲ့လိုပါပဲ။ ဥပမာ နာရီ timer မြည်သံမှာ pitch လဲ ရှိတယ်၊ rhythm လဲရှိပါတယ်။ ဒါပေမယ့် အဲ့တာ music လို့ သတ်မှတ်လို့ မရသေးပါဘူး။
အဲ့တော့ ဂီတကို ဘယ်လို အတိအကျ အဓိပ္ပာယ်ပြန်ဆိုမလဲ ?
ထိုင်ခုံဆိုတာဘာလုပ်ဖို့လဲ? ထိုင်ဖို့။ “ခြေလေးချောင်းပါတဲ့၊ ထိုင်ဖို့လုပ်ထားတဲ့ သစ်သားနဲ့လုပ်ထားသောပစ္စည်း” အဲ့လိုပြောရင်တော့ အဓိပ္ပာယ်ပြည့်စုံသွားပြီ။ အဲ့တော့ တစ်ခုခုရဲ့ အဓိပ္ပာယ်ကို ဖော်ပြတဲ့အခါ သူ့ရဲ့ရည်ရွယ်ချက်ပါရင် ပိုပြည့်စုံသွားပါတယ်။ အဲ့တော့ ဂီတကို ပြုလုပ်ရခြင်း၊ ဖန်တီးရခြင်းရဲ့ ရည်ရွယ်ချက်သာသိသွားရင် ဂီတကို အဓိပ္ပာယ်ဖွင့်ဆိုလို့ရပါပြီ✌🏻
ဂီတကိုဖန်တီးရခြင်း၏ရည်ရွယ်ချက်
ဂီတမှာ စိတ်ခံစားချက်တွေကို ပေါင်းစည်းထားတယ်။ နားထောင်တဲ့လူကို စိတ်ပျော်ရွှင်မှုပေးတဲ့အတွက် လူတွေက ကိုယ့်စိတ်ကိုဖျော်ဖြေဖို့ သီချင်းဖွဲ့ဆိုကြတယ်။ နားထောင်ကြတယ်။ ဂီတက တခါတလေ ဝမ်းနည်းနေတဲ့စိတ်ကို ပြေပျောက်စေတယ်။ သီချင်းမြူးမြူးကလေးက စိတ်ကိုတက်ကြွစေတယ်။ သီချင်းငြိမ့်ငြိမ့်ငြောင်းငြောင်းကလေးက ဒေါသတွေ၊ stress တွေကို ပြေပျောက်စေနိုင်တယ်။ တစ်ချို့ ဂီတတွေကလူကို စိတ်ခြောက်ခြားစေတယ်။ တစ်ချို့ဆို လူတွေကို ငိုအောင်တောင် ပြုလုပ်နိုင်တယ်။
စစ်ပွဲအတွင်းမှာဆိုရင် လူတွေက အရမ်းကြောက်လန့်နေတဲ့အတွက် ဂီတကို အမှီပြုပြီး ကြောက်လန့်မှုတွေကို တွန်းလှန်ခဲ့ရတယ်။
လူတွေက နေ့ထူးနေ့မြတ်တွေ၊ အခမ်းအနားပွဲတွေမှာလည်း ဂီတကို နားထောင်ကြတယ်။ သီဆိုကြတယ်။ ဥပမာ- မင်္ဂလာဆောင်၊ ကျောင်းစုံညီပွဲ…
တစ်ချို့ဘာသာတွေကလည်း ဂီတကို အသုံးပြုပြီး လူတွေရဲ့စိတ်ကို နှိုးဆွပေးတယ်။ ဂီတက လူတွေရဲ့ စိတ်ကို တက်ကြစေတယ်၊ ငြိမ်သက်စေတဲ့အတွက် ဘာသာရေးမှာလည်း အသုံးဝင်ပါတယ်။
ဂီတဆိုတာ ဘာသာစကားတစ်မျိုးပဲဖြစ်တယ်။ ဥပမာ ကျွန်မတို့ ကိုရီးယားသီချင်းနားထောင်တယ်။ ကိုရီးယားစကားနားမလည်ဘဲ ဘာလို့နားထောင်တာလဲ?နားမလည်ပေမယ့် သီချင်းကတစ်ဆင့် ခံစားချက်ကို တစ်ဆင့်ပေးစွမ်းနိုင်တယ်မဟုတ်လား? အဲ့အတွက် ဂီတက ဘာသာစကားတစ်ခုပါပဲ။
အနှစ်ချုပ်အနေနဲ့ ဂီတရဲ့ အဓိပ္ပာယ်ကိုပြောပါတော့မယ်
ဂီတဆိုတာ ခံစားချက်တွေကူးလူးပေးတဲ့ pitch နဲ့ rhythm နဲ့ ပေါင်းစပ်ထားတဲ့ ကမ္ဘာသုံးဘာသာစကား ဖြစ်ပါသည်။

Comments
Post a Comment